ဖြူလေးလွမ်းခိုင်းတဲ့ ကလေးသမိုင်း
မနေ့က ရုံးပိတ်ရက်ဆိုတော့ အိမ်မှာ လိုအပ်တာလေးတွေဝယ်ဖို့ အမေနဲ့တူတူ မြို့မဈေးဘက်က ယဉ်ယဉ်စတိုးကို လိုက်သွားလိုက်တယ် …. ကိုယ်ဖို့လည်း လိုတာလေးတွေရှိရင် ညာတာပါတေးနဲ့ အမေ့ကိုဝယ်ခိုင်းဖို့ပေါ့… ပြောရရင်လည်း ရှက်ဖို့ကောင်းပါတယ် …. အသက်သာ နှစ်ဆယ်ကျော်ပြီးလို့ လေးနှစ်ကြီးများတောင်ပြည့်ပြီးသွားတာ ခုထိ အဖေနဲ့ အမေ့ကို ဒုက္ခပေးလို့ ၀သေးတာ မဟုတ်ဘူး …. ဒါနဲ့တောင် သမီးပုခုံးက ကောင်းပါတယ်အမေရဲ့ ဆိုပြီး အမေတို့ စိတ်ချမ်းသာအောင် ရွှီးတတ်သေးတာ…. မိဘဆိုတော့ ကိုယ့်သားသမီး ရွှီးနေတာလား တကယ်လား သိတာပေါ့လေ … ဒါပေမယ့် နားထောင်ကောင်းတော့ ခပ်ပြုံးပြုံးပဲပေါ့ …. ကိုယ့်ကိုယ်ကိုလည်း နည်းနည်းပါးပါးတော့ သိပါတယ် … အသုံးမကျဘူးဆိုတာ… ဒါပေမယ့် ကိုယ့်ထက်ဆိုးတဲ့လူတွေ တပုံကြီးပါလေဆိုပြီး ရင့်ကျက်မလာတဲ့ ဖြေတွေးလေးနဲ့နေနေရတာပဲ … ခုလည်း ဈေးခြင်းတောင်းလေး ကိုင်ပြီး အိမ်ဖို့လိုတာရော ၊ ကိုယ့်ဖို့လိုတာရော ရောသမမွှေလို့ ၀ယ်နေပြီ ….။
”ဟယ် ၊ မမ၀င်း နေကောင်းလား ၊ မတွေ့တာတောင်ကြာပြီ ” ဟာ လုပ်ပြီ ၊ အမေတို့ကတော့ အဲလိုပဲ သွားတဲ့နေရာ အသိရှိတယ် … အမေ့အသိတွေနဲ့တွေ့ရင် စိတ်ရှုပ်လွန်းလို့ ၊ အဟုတ်ပြောတာ ၊ ကိုယ်လည်းမသိဘဲနဲ့ ပြုံးပြရ ၊ နှုတ်ဆက်စကားပြောရ ၊ ဘာနဲ့ကျောင်းပြီးပြီ ၊ ခု ဘာလုပ်နေတာ အာ ဘာတွေမှန်းမသိဘူး အဲလိုတွေ ပြောရတာ သိပ်စိတ်ရှုပ်တယ် …. အမေနဲ့သွားရင် ဒါမျိုးတွေက ကြုံမှာပဲလေ … ခုလည်း လူကိုလှမ်းခေါ်နေပြီ … ဟွန်း… သမိုင်းပေးတာဝန်အရ ပြောရဆိုရဦးမယ်…. “အော် ဒါ သမီး အကြီးလေးလား ၊ ငယ်ငယ်တုန်း ရုပ်ရှင်ရုံထဲမှာ အာဗြဲကြီးနဲ့ အော်ငိုတဲ့ ကလေးလေးပေါ့ ၊ ဟုတ်လား သမီး ” “အယ် ၊ သမီး မမှတ်မိဘူး ” “အင်းပေါ့ သမီးက ငယ်သေးတာကိုး ဘယ်မှတ်မိမှာလဲ၊ ငယ်ငယ်က တော်တော်ဆိုးတာပဲ ၊ ခုရော ဆိုးတုန်းပဲလား ၊ ရုပ်လေးကတော့ အချောလေးတော့ မမ၀င်းသမီးက ” တဲ့…. နောက်ဆုံးပိတ်စကားအဆုံးသတ်လေး လှလို့သာပေါ့လေ … မဟုတ်ရင် ဒေါ်မေကျော်တို့မျက်နှာ မှုန်ကုပ်သွားပြီသာမှတ် …. ။
အိမ်လည်းရောက်ရော အမေ့ကိုမေးတော့တာပေါ့ … အမေ သမီးငယ်ငယ်က တော်တော်ဆိုးလားလို့ …. အမေကပြောတယ် ကိုယ့်ကိုယ်ကို မသိဘူးလား တဲ့ …. အင် ဘယ်မှတ်မိမှာလဲနော် …. တကယ်လို့ ဆိုးခဲ့တယ်ဆိုလည်း နည်းနည်းပါးပါးပဲ နေမှာပါ… ဒါပေမယ့် လူ့လောကထဲ စမရောက်ခင်တည်းက အမေတို့ကို ဒုက္ခပေးခဲ့တာတော့ အမှန်ပဲ… သက်ဦးလည်း ဖြစ်ပြန် ၊ ကလေးအနေအထားကလည်း သူများတွေလို ခေါင်းကနေ အတည့်မထွက်ဘဲ ခြေထောက်ကနေ စထွက်မယ့် အခြေအနေဆိုတော့ ရိုးရိုးမမွေးရဲဘဲ ပခုက္ကူကနေ ရန်ကုန်ကို တကူးတက လာပြီး ခွဲမွေးရတယ်လေ… စတည်းက ကန့်လန့်တိုက်ပြီး မွေးလာတာတဲ့ … မွေးကာစကလည်း ၀မ်းတွေ တအားသွားလို့ အဒေါ်တွေမှာ အနှီးတွေမနားတမ်း လျှော်ရတယ်ဆိုတာ့ နည်းနည်းပါးပါး ဆိုးတယ်လို့တော့ ပြောလို့ရပါတယ်…. ။
တစ်ခါ ၃ ၊ ၄ နှစ်အရွယ်လောက်ရောက်တော့ မိဘနှစ်ပါးလုံးက ၀န်ထမ်းဆိုတော့ အထိန်းရသက်သာအောင်ပဲလား မသိဘူး … မူကြိုပို့လိုက်တယ် … အန်တီကြီးပြောသလို ရုပ်ရှင်ရုံထဲမှာ ငိုမငိုတော့ မမှတ်မိတော့ဘူး…. မူကြိုတူတူတက်ရတဲ့ မောင်ဝမ်းကွဲတစ်ယောက်နဲ့ပေါင်းပြီး မူကြိုအကပွဲမှာ ပွဲတိုင်းလိုလိုပါချပစ်လိုက်တာတော့ မှတ်မိတယ်…. အဲဒီတုန်းက ချင်းအက ၊ ရွှေအိုးစည်အက ၊ ကဗျာရွတ် အက နောက် ဘာလဲ မမှတ်မိတော့ဘူး … ဒါတောင် ယိုးဒယားကန်တော့ခန်းဖို့ ခေါ်သေးတယ် …. လုံချည်က တုတ်နေလို့ မကတတ်လို့ လွတ်သွားတာ…. ရွှေအိုးစည်က ကခါနီးတုန်းကလည်း တောင်ရှည်ပုဆိုးကြီးက ကျွတ်ကျွတ်ကျလို့ ဆရာက ကြိုးနဲ့ချည်ပေးလိုက်တာလည်း မှတ်မိတယ်…. အင်္ကျီတွေ တစ်မျိုးပြီး တစ်မျိုးလဲပြီးကရတာဆိုတော့ ပျော်တာပေါ့….. ဒါပေမယ့် အိမ်ဘက်က ကြည့်ရင်ကျ အလုပ်ရှုပ်လို့ မူကြိုပို့တာ ပိုရှုပ်သလိုဖြစ်သွားတော့ ရိုက်ချင်စရာ ကောင်းသွားတာပေါ့…. နောက် ညီမလေးတွေ အလှည့်ကျ ဘာအကမှ မပါရတော့ဘူးဆိုပြီး ဖြစ်သွားလောက်အောင်ထိကို စိတ်နာသွားတာ အိမ်က… ဟ ဟ …။
မူကြိုနေပြီးသားမို့ထင်တယ် သူငယ်တန်းတက်ရမယ်ဆိုတော့ ဘာမှ စိတ်ထဲမခံစားလိုက်ရဘူး …. ၅ နှစ်ပြည့်ဖို့ ၅ လလောက်လိုသေးတယ်ဆိုပေမယ့် အမေတို့က တတ်ဆိုပြီး အသက်ကြီးထားတော့ တတ်လိုက်ရတာပဲ … အဲဒီနှစ်တွေကတော့ ဘာမှ ထူးထူးခြားခြား မဖြစ်လိုက်ဘူးထင်တာပဲ …. ဒါမှမဟုတ် ကိုယ်ကပဲ မမှတ်မိလိုက်လို့လား မသိဘူး…. ဘာမှ မထူးခြားဘူး …. တစ်ခုပဲ ဘယ်ကလေးနဲ့ ယှဉ်ယှဉ် ကိုယ်က ညှက်နေတာရယ် ၊ အသားမဲမဲ ပိန်ပိန်ဖြစ်နေတာရယ်ပေါင်းပြီး မေပုလဲ ၊ ဒေါ်မြလေး ဆိုပြီး အခေါ်ခံရတာ အဲဒီအရွယ်လောက်တည်းက…. အဲလို အခေါ်ခံရလို့လည်း စိတ်တိုရမှန်း မသိပါဘူး…. ဘယ်သူ စ စ ကို သိပ်စိတ်မဆိုးတတ်တာ…. စိတ်ဆိုးရကောင်းမှန်း မသိတာလည်း ဖြစ်နိုင်တယ် …. အဲလိုဆိုလို့တော့ ဦးလေးတွေက အေးလို့ဆိုပြီး ပန်ကာ လို့ နာမည်ပေးတယ်… လူအေးလေးပေါ့….။
ငယ်ငယ်တုန်းက အေးလည်း အေး ၊ အ လည်း အ ပုံပေါ်တယ် …. စာကလည်းအတော်ကြီးထဲ မပါဘူး … သင့်သင့်ပဲ …. ဟုတ်တယ် …. ၃ တန်းတုန်းက သချာင်္ရည်ချွန်ရတာ ကိုယ်ကတော့ ပျော်လွန်းလို့ အိမ်ကို အပြေးတပိုင်းနဲ့ ပြန်ပြီး ပြောရတယ်…. အိမ်က လာမနောက်နဲ့တဲ့…. ကဲ ကောင်းလား … တော်တယ်ဆိုတာ အဲလောက်ထိကို အသိအမှတ်ပြုခံခဲ့ရတာ…. အဲဒါ အိမ်ကမယုံလို့များ ငိုပြီး ပြောမယ် မထင်နဲ့ဗျာ…. မယုံလည်း နေ ဆိုပြီး ခပ်တည်တည်ပဲ နေလိုက်တာတဲ့…. အဲဒါ ကျောင်းမှာ အလုပ်အမှုဆောင် လုပ်တဲ့ ဦးလေးက လာပြီးပြောမှ အိမ်က ယုံတယ် …. ဘာလို့ သေချာမပြောတာလဲ ဆိုပြီးတောင် အဆူခံလိုက်ရသေးတယ် …. ပြီးတော့ ပြောသေးတယ် ထုံပေပေနဲ့တဲ့…. အမှန်တော့ ဘယ်လိုယုံအောင် ပြောရမှန်း မသိလို့ မပြောတော့တာပါ … အဲဒါကိုပဲ သူတို့က ထုံပေပေ ဆိုတော့ ထုံပေပေလိုက်ရုံပဲ ရှိတာပေါ့… တတ်နိုင်ပါဘူး….။
နောက်ရှိသေးတယ် ငယ်ငယ်က အ၀ှာဆိုတဲ့စကားကို အမုန်းသုံးတာ… စကားတစ်ခုပြောမယ်ကြံတိုင်း “အမေ ၊ အ၀ှာလေ ၊ သမီးပြောမယ် ၊ အ၀ှာ…” ဆိုပြီး လိုရင်းရောက်ဖို့ အ၀ှာဆယ်ခါလောက်ပါတယ်…. အဖေကြိမ်လုံးကိုင်ပြီး ပြင်ခိုင်းမှ အ၀ှာပြုတ်သွားတာ…. မဟုတ်ရင် ခုထိသုံးမိဦးမယ် ထင်တယ်…. အဲဒီတုန်းကတော့ ကလေးဆိုတော့ အ၀ှာ ဆိုတာလေး ထည့်သုံးတာကိုက စတိုင်လို့ ထင်နေတာလေ…. ။
အဲလောက်ပါပဲ …. မှတ်မိသလောက်တော့ ကိုယ်ဆိုးခဲ့တာကြီးတွေ သိပ်မပါ ပါဘူး… ဘယ်လိုလုပ်ရမှန်း မသိလို့ လုပ်တတ်သလို ၊ နေတတ်သလို နေခဲ့တာတွေပဲ ရှိတာပါ …. တစ်ခါတစ်လေ ကလေးအတွေးနဲ့ ကောင်းမယ်ထင်တာလေးတွေကို ကောင်းမယ်ထင်သလို လုပ်ကြည့်ခဲ့တာလေးတွေလည်း ရှိတာပေါ့…. သိပ်တော့ ထူးထူးခြားခြား မကြုံခဲ့ရပါဘူး…. ဒါပေမယ့် ကလေးဘ၀ဆိုတာတော့ ပြန်တွေးတိုင်း လွမ်းမိတာချည်းပါပဲ….။
မိုးထက်အိမ်


KST (45) TH
သံလုံငယ်
ကြယ်စင်မင်း
Mystery Zillion

လာရောက်ဖတ်သွားပါတယ်။ဟုတ်တယ်ဗျ ကလေးဘ၀ကလွမ်းစရာပဲ ကျွန်တော်လည်း ငယ်ငယ်ကအတော်ဆိုးဆိုးပဲ ကိုယ်ဆိုးပေခဲ့တာကို မေမေက ပြန်ပြောပြတော့ ဟီဟီဆိုပြီ ရီမိသဗျှ
မိုးစက်သိသွားပြီ မိုးထက်ရေ မိုးထက်အိမ်က အ၀ှာ ကရေဇီဘဲ
တော်ချက်ကတော့
. . . ခင်မင်လျက်
အဲ အ၀ှာ စကားလုံးပြောတာနော် . . . အမေအသိက ချောတယ်
ပြောတော့ ကြိတ်ကျေနပ်သွားတယ်မလား
လန်ထွက်နေတာဘဲနော်
ခွိ မမလုပ်တာ မမအောက်ကမောင်နှမတွေက မကရတော့ဘူးပေါ့..
ဘာပဲပြောပြော ငယ်ငယ်ကအကြောင်းတွေက ပြန်တွေးကြည့်ရင် ပြုံးချင်စရာတွေချည်းပဲနော်
မေကျော်ရေ..ကလေးဘဝက အပူပင်ကင်းတယ် အပြစ်ကင်းစင်တယ်..။
လူကြီးဖြစ်လာတော့ အပူတွေများလာပြီ။
ကလေးဘဝလေးကို ပြန်တမ်းတ မိပါတယ်ရှင်..။
အော်..ဂျီးဒေါ်..ဂျီးဒေါ်.. ဟိုကအားနာလို့ပြောသွားမှန်းမသိ ဘာမသိနဲ့ စွတ်မြောက်နေတော့တာကိုး..ဟီ..စတာနော်.. နာ့ဂျစ်မရုပ်ရည် မည်သို့ဆိုတာ ကျွန်တော်သိပါတယ်..ဟဲဟဲ.. ဒါနဲ့ စကားမစပ် အသက် ၂၀ ကို ၄ နှစ်တောင်ကျော်နေပြီလား..ဟီ..ဂျီးဒေါ်ကနေပြီး ဘွားဘွားလို့ပြောင်းခေါ်မှနဲ့တူတယ်..:p
နှစ်ဆယ်ကျော် အစိတ်ပိုင်းမှာ အရွယ်တော် တဆိတ်ဟိုင်း… အဲလေ ဟုတ်တာတွေ လာပြောမိပြန်ပြီ ဟိဟိ
ဟို အ၀ှာလေ………..
ဟိုလေ… ၀ှာလေ..
ရုပ်ရှင်ရုံထဲမှာ အခုလည်း အာဗြဲကြီးအော်နေတုန်းမလား
ဟိုနေ့ကတွေ့လိုက်တယ်နော်.. ဟိဟိ
မေကျော်ရေ အမလာလည်တယ် ငယ်ငယ်တုန်းကအကြောင်းလေးဖတ်သွားတယ်
ချစ်စရာလေးနော် ဟိ
အံမယ် လျှောက်မပြောနဲ့ … မာမီရှိန်းပြီးတည်းက နောက်ထပ် ဘာကားမှ မကြည့်ရသေးဘူး….
မေကျော်တို့လည်း မလွယ်ဘူးနော်…ဇနဲ့ပဲ ဆိုးတာ…
အဟီး စတာနော်..
“ ဟိုအရင်တုန်းက ကလေးလေး ဘ၀ကို တခါပြန်ပြီး၇ချင်သေးတယ်…အပြစ်မသိသေးတဲ့ ကလေးလေး ဘ၀ကို တခါပြန်ပြီးရချင်သေးတယ် ”
ဒွေးလေး က ငယ်ငယ်က လိမ္မာတာပဲ…… အနော်ကတော့ တော်တော်ဆိုးခဲ့တာ…… ဟီးဟီး
ဒွေးလေးက ငယ်ငယ်ကလည်း လိမ်မာတယ် .. ခုကြီးတော့လည်း လိမ်မာတယ်လေ… တိဝူးလား..
hello.. may kyaw…
A wha… A’… A wha lay…
aww.. thi pyi ..
nay kaung lar lo… a he’..
A wha .. lar twar dal..
(Laptop kyaung pee myanmar font ma shi lo par.)
မြန်မာ ဖောင့် ပြန်ရပါပြီ။ သတိသာထားနေပါ။ လာတဂ်တော့မယ်။ ဘယ်သူ ဦးမလဲပေါ့။ တဂ်ပို့စ် တစ်ခု မမ လွတ်သွားတယ်နော်…
ငယ်ဘ၀ကဘာပဲဖြစ်ဖြစ် အပူအပင်ကင်းပြီး ပျော်စရာ အကောင်းဆုံးပဲနော် ညီမလေး