စဉ့်အိုး
ကျွန်တော်တို့ နှစ်ယောက်သား ပြောဆိုစရာ စကားမရှိသလို နှုတ်ဆိတ်နေမိကြ၏ ။
နေရောင်ခြည်သည် ပြတင်းပေါက်ဘောင် ထောင့်ချိုးပေါ်တွင် ကြောင်ပေါက်စလေးတစ်ကောင်လို နူးညံ့စွာ ခွေအိပ်နေ၏ ။ ပန်းပွင့်တွေက အပြာရောင် အိပ်မက်များကို မက်နေကြသည်။ ရင်အုပ်နီနီနှင့် ငှက်ကလေးများက အိမ်ခေါင်မိုး တံစက်မြိတ်စွန်းတွင် ငြိမ်သက်စွာ ခိုနားနေကြ၏ ။
အတန်ကြာမှ ကျွန်တော်က…
” ဒါဆို… ငါ တကယ်ချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ ပြောပြရမလား”
” ဟင့်အင်း… မပြောနဲ့”
သူမက စုတ်တံကို အနီးရှိ ရေခွက်ထဲသို့ ပစ်ချလိုက်ရင်းက ကျွန်တော့်ကို လှည့်မကြည့်ဘဲ ချက်ချင်းဖြေသည်။ ကျွန်တော်က…
” အဲဒါဆို… နင်ပြောမှာလား”
“ဟင့်အင်း”
ကြည့်စမ်း… ခွေးစုတ်မ ။ အူသလို ကြောင်သလိုလို လုပ်နေပြန်ပြီ ။ ကျွန်တော် သူမ၏ နောက်ကျောဘက်မှ နေ၍ခါးဆစ်ရိုးသို့ ဖနောင့်ဖြင့် အားရပါးရ ဆောင့်ကန်ပစ်လိုက်ချင်စိတ်ပေါ်လာ၏ ။ ကဲ … ပြောစမ်းပါဦးကွယ် ၊ နှစ်ယောက်စလုံးက အဖြေသိနေတဲ့ ပုစ္ဆာတစ်ပုဒ်ကို ငါတို့ ဘာလို့များ ပဟေဠိဝှက်နေကြတာလဲ ။ ကျွန်တော်က စိတ်တိုတိုဖြင့်
“ဟဲ့ လဒမရဲ့ ၊ ဒါဆို ငါတို့နှစ်ယောက်က ဘာလဲ”
ကျွန်တော့် မေးခွန်းကြောင့် သူမ ရှက်သွားလိမ့်မည် ( သို့မဟုတ် ) တစ်စုံတစ်ရာ လှုပ်လှုပ်ရှားရှား ဖြစ်သွားလိမ့်မည် ဟု အောက်မေ့ထားခဲ့ရာ သည်တစ်ကြိမ်တွင်လည်း ကျွန်တော့်အတွေးက လွဲချော်သွားပြန်ပါသည်။
သူမက အေးအေးဆေးဆေးပင် လက်ကို အ၀တ်စတစ်ခုဖြင့် သုတ်ရင်း…။
“နေဦး …. မင်းညီ ၊ ငါ နင့်ကို လက်ဆောင်ပေးစရာ ရှိတယ် ၊ အဲဒါကို ကြည့်လိုက်ရင် ငါတို့နှစ်ယောက်က ဘာလဲဆိုတာ ရှင်းသွားလိမ့်မယ်”
သူမ အခန်းထဲ ၀င်သွားပြီး ပြန်ထွက်လာသော အခါ လက်ထဲတွင် တစ်ထွာခန့်အမြင့်ရှိသော စဉ့်အိုးသေးသေးလေး တစ်လုံး ပါလာသည် ။
စဉ့်အိုးကလေး၏ မျက်နှာပြင်ပေါ်တွင် ဘာမှ ခြယ်သထားခြင်း မရှိ။
ပကတိ ပြောင်ချော။
ဈေးဆိုင်တွေ ၊ အိမ်တွေမှာ သုံးလေ့ရှိသော ရာဝင်အိုးပုံစံအတိုင်း အရွယ်အစားကို သေးသေးလေးချုံ့ထားသည့် အိုးငယ်ကလေးမျှသာ ဖြစ်၏ ။ ဘာမှ မထူးခြားပါ ။
“ရော့ …”
ကျွန်တော့်လက်ထဲသို့ စဉ့်အိုးပေါက်စကလေးကို ထည့်ပေးရင်း သူမက ပြောသည်။
“နင့်အတွက် လက်ဆောင်ပေါ့ဟာ ၊ နင်စာရေးတဲ့ စားပွဲပေါ်မှာ ဒီအိုးလေးကို တင်ထားပေါ့”
“အင်း ၊ ကောင်းသားပဲ ၊ ခဲတံတို့ ၊ ဘောပင်တို့ ထည့်လို့ရတာပေါ့”
“မဟုတ်ဘူး … မင်းညီ ၊ မဟုတ်ဘူး … မဟုတ်ဘူး”
သူမက ချက်ချင်းပင် ခါးခါးသီးသီး ကန့်ကွက်၏ ။
“အဲဒီ … စဉ့်အိုးထဲကို ဘာမှ မထည့်နဲ့”
“ဘာဖြစ်လို့လဲဟ”
“အဲဒီအထဲကို ဘောပင်တွေ ၊ ခဲတံတွေထည့်လိုက်ရင် ဒါဟာ စာရေးကိရိယာ ထည့်တဲ့ခွက် ဖြစ်သွားလိမ့်မယ် ။ အဲဒီထဲကို ပန်းတွေ ထည့်လိုက်ရင် စားပွဲတင်ပန်းအိုး ဖြစ်သွားလိမ့်မယ် ။ ရေတွေ ထည့်လိုက်ရင် ရေအိုးဖြစ်သွားလိမ့်မယ်”
“အဲဒီတော့…”
“ငါ နင့်ကို ပေးတာ စာရေးကိရိယာ ထည့်တဲ့ ခွက်လည်း မဟုတ်ဘူး ၊ ရေအိုးလည်း မဟုတ်ဘူး ၊ စားပွဲတင်ပန်းအိုးလည်း မဟုတ်ဘူး ။
နင့်ကို ပေးတာ စဉ့်အိုး …။ အဲဒီ … စဉ့်အိုးကလေးကို စဉ့်အိုးကလေးအဖြစ်နဲ့ပဲ သူဟာသူ အလွတ်အတိုင်း ထားလိုက်ပါ မင်းညီရယ် ၊ အထဲကို ဘာမှ သွားမထည့်လိုက်ပါနဲ့”
ကောင်းကင်၏ အနက်ရောင်တံခါးများသည် ဟင်းလင်းပွင့်နေကြ၏ ။ အသိုက်မဲ့သော ငှက်တွေ မုန်တိုင်းထဲတွင် နေရာယူနေကြသည်။ ဘ၀ဆိုသည်မှာ အပိတ်လား ၊ အပွင့်လား ကျွန်တော်တို့ စဉ်းစားကြရပါမည်။ ကိုယ့်ကိုယ်ကို မည်သည့်ထောင်ချောက်ထဲ ထည့်လှောင်ခဲ့ကြပါသလဲ။
သူမက မေးသည်။
“ဒါဆို … ငါတို့ နှစ်ယောက်က ဘာလဲဆိုတာ နင် … သဘောပေါက်ပြီလား မင်းညီ”
“အေး … ငါသိပြီ ထင်တာပဲ”
ကျွန်တော်က စဉ်းစဉ်းစားစား ဖြေလိုက်၏ ။ သူမက …
” ဒါဖြင့် ဘာလဲ”
” ငါတို့ နှစ်ယောက်က… စဉ့်အိုးလေ”
” နင့်ကြီးဒေါ် စဉ့်အိုးလား ငတုံးရဲ့”
သူမက တအားဆောင့်လိုက်ရာ ကျွန်တော့်ညိုသကျည်းကို ဒေါက်ခနဲ တည့်တည့်…
မင်းခိုက်စိုးစန် ရဲ့ ကျွန်တော်နှင့် နာမီးဆစ် (namesis) မှ


KST (45) TH
သံလုံငယ်
ကြယ်စင်မင်း
Mystery Zillion

ဖတ်ဖူးပါတယ်စဉ်းစားနေတာ… စဉ့်အိုးပေးတော့မှ သိတော့တယ်
ကောင်းလိုက်တာ..
အတွေးလေး ကောင်းတယ်..။
အဲဒါ ဘာတွေတုံးဟင် သိလည်းသိဘူး အဲဒီ့စာရေးဆရာတွေလည်း တစ်ခါမှဖတ်ဖူးတော့ ကြားလည်းကြားဖူးဘူးရယ် တကယ်မေးသွားတာပါ နောက်တာမဟုတ်ဘူး နည်းနည်းစကားပြေ ပြန်ဖွင့်မှရမယ်ထင်တယ်။
နှစ်သက်မိပါတယ်…ခင်ဗျာ…
ဒေါက်ခနဲ တည့်တည့် တဲ့
ဟယ်…စဉ်းအိုးလေး ကွဲသွားတယ် ထင်ပါ့
ဟဲဟဲ ကိုလူပျိုပြောသလိုပဲ နားမလည်ဘူး သားတို့က သိပ်ငယ်သေးတော့
ပိုးဟပ်လေးပြောတာဖြစ်နိုင်တယ်………..
ဟာသွားပြီသွားပြီ သွားပြီ……….. အိုးလေးကွဲသွားပြီ……. ဟီးဟီး
ဘာလို့ နာတာလဲ လင်းတော်မူပါဦး ဖိုးကြိုင်ရဲ့
တော်သေးတာပေါ့.. ညို့သကျည်းကို ထိလို့။ မတော်.. ခေါင်းကိုထိမှ။ လူလည်းကွဲ၊ အိုးလည်းကွဲ ဖြစ်နေဦးမယ်။
မင်းခိုက်စိုးစံ ရေးတဲ့ထဲက ရှားရှားပါးပါး ကြိုက်တဲ့ တစ်ပုဒ်ပါ ။ သုညရယ် နာမီးဆစ် ရယ်ကို အကြိုက်ဆုံးပဲ ။
စဉ့်အိုးဆိုတော့လဲ စဉ့်အိုးလိုက်ပေါ့။ မကွဲအောင်တော့ ဂရုစိုက်ဗျ။
ဟာ အဲဒီ စာအုပ် ကျနော်ဖတ်ဖူးတယ်
ရေလည် ဆွေးဖို့ကောင်းတယ်..
မင်းခိုက်စိုးစန် ကိုလည်း ခိုက်တယ်..
ဒီဝတ္ထုလေးကို ကြိုက်လို့ကူးသွားပါတယ်ဗျာ.. အခုလိုပြန်ဖတ်ရလို့ကျေးဇူးတင်ပါတယ်.. ကျွန်တော့် facebook မှာ notes လေးအနေနဲ့ စုပြီးသိမ်းထားချင်လို့ ခွင့်ပြုပါနော်.. ။ ကျေးဇူးပါး)
@ူleostar
ဟုတ် …. ရတယ်ရှင့်