ရောဂါ
ခဲတံ .. ဟောတော် ခဲတံက မေ့နေခဲ့ပြန်ပြီ…. အဲလို ကိုယ်သုံးနေကျ ပစ္စည်းတစ်ခုခု ပါမလာဘူး ၊ မေ့ကျန်ခဲ့တယ်ဆိုရင် စိတ်ထဲမှာ ခိုးလိုးခုလုနဲ့ ဘာဖြစ်မှန်းမသိဘူး … ဘာဖြစ်လို့များ မေ့ကျန်ခဲ့ပါလိမ့် … ဒီလောက်တောင်ပဲ ပေါ့ဆရသလား … သေသေချာချာကို ထည့်ဖို့ ထုတ်လိုက်ပါတယ် … ခုတော့ မှတ်မှတ်ရရကို မေ့ကျန်ခဲ့ပြီ …. စသည် စသည် တွေးရင်း စိတ်ထဲ ဘဝမကျနိုင်ဘူး … အမှန်တော့ ရောဂါပဲနော်… ခဲတံ မပါလည်း ဘောပင်နဲ့ ရေးလိုက်ပေါ့ … အဲဒါကို ဘောပင်ကိုင်လိုက်တိုင်း ခဲတံဆီ စိတ်ရောက်သွားပြီး ဘာဖြစ်လို့များ မေ့ကျန်ခဲ့ရပါလိမ့်နဲ့ တစ်ကျော့ပြန်တွေးမိပြန်ရော …. ခုကို ခဲတံမေ့ခဲ့တာကို စိတ်ထဲက မထုတ်နိုင်လို့ စာရေးမိပြီ … နည်းတဲ့ ရောဂါ မဟုတ်ဘူးနော်….။
နောက်ထပ် ရောဂါတစ်ခုကတော့ ခရီးသွားလေရာ စာအုပ်သယ်တာပဲ … ဘယ်လောက်ပဲ ခရီးတိုနေပါစေ စာအုပ်အနည်းဆုံး တစ်အုပ် ရအောင်သယ်တယ် … ဖတ်တာလည်း မဟုတ်ဘူး …. ဖတ်ဖို့ အချိန်လည်း ရတာမဟုတ်ဘူး … ဒါပေမယ့် စာအုပ်မပါရင်ကို ဘာလိုနေမှန်း မသိဘူး … အဲဒါကြောင့် သယ်ကိုသယ်တယ် … ဒါလည်း ရောဂါ တစ်ခုပေါ့…။
နောက်တစ်ခုက စာဖတ်တာပဲ … အလုပ်နဲ့မပတ်သတ်တဲ့ တခြား စာအုပ်ကို မဖတ်ရတာကြာရင် ငတ်လာတယ် … အလုပ်နဲ့ ပတ်သက်တဲ့စာတော့ ဘယ်လောက်ပစ်ထား ပစ်ထား …. စိတ်ထဲမှာ ဘယ်လိုမှ မနေတာ…. ဒါပေမယ့် အပြင်စာတွေဆို မဖတ်ဘဲ အကြာကြီး ပစ်ထားမိရင် စိတ်ကကို တောင့်တလာတာ… အဲဒီအချိန်ဆို တွေ့တဲ့ ဂျာနယ် ၊မဂ္ဂဇင်း ၊ ဝထ္ထု ဖတ်ကို ဖတ်လိုက်ရမှ … မဟုတ်ရင် ဖတ်ချင်တဲ့ စိတ်က တအားတောင့်တလာပြီး တခြားအရာတွေကို အာရုံသိပ်မလာတော့ဘူး … ရောဂါပေါ့ ၊ ရောဂါ …။
နောက်တစ်ခုက လက်အရမ်းဆေးတာပဲ … အပြင်သွားတယ် ပြန်လာတယ် လက်ဆေးတယ် … အမှိုက်ပုံးကိုင်မိတယ် ၊ လက်ဆေးတယ် … စားစရာ တစ်ခုခု ကိုင်မယ်ဆိုလည်း လက်ဆေးတယ် … သရေစာ စားမယ်ဆိုရင်တောင် လက်ဆေးစားတယ် … ဖုန်သုတ်လိုက်တယ် လက်ဆေးလိုက်ပြန်ပြီ … ကြောင်လေး ကိုင်လိုက်ပြန်ပြီ ၊ လက်ဆေးလိုက်ပြန်ပြီ … အဟား အဲဒီတော့ ခုနေနေတဲ့ ဦးလေးအိမ်က ပြောတယ် … တစ်နေ့ကို ဆယ်ခါထက် လက်ပိုဆေးရင် ဒဏ်တပ်မယ်တဲ့ … ဘယ်လိုပြောပြော မရတော့ဘူး … လက်ဆေးလို့ မရတဲ့ အနေအထားရောက်မှပဲ လက်ဆေးရပ်မယ် ထင်တယ်… ဒါလည်း ရောဂါပဲ….။
နောက်တစ်ခုက စိတ်ထဲက စကား စိတ်ထဲမှာ မထားတတ်တာပဲ … စိတ်ထဲ မတင်ကျတာ တစ်ခုခုရှိနေပြီဆိုရင် ပြောလိုက်ရမှ ကျေနပ်တယ်… အမှန် မပြောဘဲ နေလည်းရတယ် … ဒါပေမယ့် ပြောလိုက်ချင်တယ် …. ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်း သိချင်တယ် …. တစ်ဖက်လူက ကိုယ့်အပေါ်ထားတဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း သိချင်တယ် …. ကိုယ်က သူ့အပေါ်ထားတဲ့ သဘောထားကိုလည်း ရှင်းရှင်းလင်းလင်း သိစေချင်တယ် … ဒါ့ကြောင့် များသောအားဖြင့် အားမနာရမယ့် လူတွေကို ( ကိုယ့်က လွန်ခဲ့ရင်တောင် ခွင့်လွှတ်နိုင်မယ့် လူတွေကို) ကျေနပ်ရင်လည်း ကျေနပ်တယ် ၊ မကျေနပ်ရင်လည်း မကျေနပ်ဘူး ပွင့်ပွင့်လင်းလင်းပဲ ပြောဖြစ်တယ် …. ကိုယ့်စိတ်ရော ၊ သူ့စိတ်ရော ရှင်းရှင်းလေးပဲ ဖြစ်စေချင်တယ်လေ…. အဲလိုမှလည်း နေရတာ ပေါ့ပေါ့ပါးပါးရှိမှာပေါ့နော် … မဟုတ်ရင် ခိုးလိုးခုလုနဲ့ …. ။
နောက်တစ်ခုက ကိုယ်ချစ်တဲ့လူတွေ ကိုယ့်ကို ထားသွားမှာကို မခံစားနိုင်ဘူး … သူတို့က ထားသွားမယ့် အစား ကိုယ်ကပဲ ထားသွားလိုက်ချင်တယ် ၊ ခဏတာပဲ ခွဲသွား ခွဲသွား ၊ ရာသက်ပန်ပဲ ခွဲသွား ခွဲသွား … ကျန်ရစ်သူ ၊ အချန်ခံရတဲ့ လူ မဖြစ်ချင်ဘူး … ဒါ့ကြောင့် ရာသက်ပန် ခွဲသွားရမယ်ဆိုတာမျိုးဖြစ်ခဲ့ရင် ကိုယ်ကပဲ အရင်ခွဲသွားတဲ့လူ ဖြစ်ချင်တယ် … ဆိုတော့လေ ဖြစ်နိုင်ရင် ကိုယ်ချစ်တဲ့သူတွေထက် အရင် သေဆုံးတဲ့လူပဲ ဖြစ်ချင်တယ် … ။


KST (45) TH
သံလုံငယ်
ကြယ်စင်မင်း
Mystery Zillion

ကျနော်ကျောင်းတက်တုန်းကလဲ Dictionary စာအုပ်အထူကြီး သွားလေရာပါတယ်။ သူများမြင်ရင် ဒီကောင် ကြိုးစားလှချည်လားထင်မှာပေါ့။ တကယ်တော့ အိပ်ချင်တဲ့အခါ ဘယ်နေရာရောက်ရောက် ခေါင်းအုံးလို့ ရတယ်လေ။
အကြိုက်ဆုံးပဲဗျ..
” ကိုယ်ချစ်တဲ့လူတွေ ကိုယ့်ကို ထားသွားမှာကို မခံစားနိုင်ဘူး … သူတို့က ထားသွားမယ့် အစား ကိုယ်ကပဲ ထားသွားလိုက်ချင်တယ် ၊ ခဏတာပဲ ခွဲသွား ခွဲသွား ၊ ရာသက်ပန်ပဲ ခွဲသွား ခွဲသွား … ကျန်ရစ်သူ ၊ အချန်ခံရတဲ့ လူ မဖြစ်ချင်ဘူး … ဒါ့ကြောင့် ရာသက်ပန် ခွဲသွားရမယ်ဆိုတာမျိုးဖြစ်ခဲ့ရင် ကိုယ်ကပဲ အရင်ခွဲသွားတဲ့လူ ဖြစ်ချင်တယ် … ဆိုတော့လေ ဖြစ်နိုင်ရင် ကိုယ်ချစ်တဲ့သူတွေထက် အရင် သေဆုံးတဲ့လူပဲ ဖြစ်ချင်တယ် … ။ “
ဟုတ်ပါပြီဗျာ..
အဲဒါလည်း ရူးသွပ်မှု တစ်မျိုးပါပဲ..
လေးစားတယ်..
အလုပ်နဲ့ ပတ်သက်တဲ့စာကို မဖတ်ရလည်း ဘယ်လိုမှမနေဘူးဆိုတာ တယ်လည်းသဘောကျတယ် အဲဒီလိုမနေတတ်လို့ ကျွန်တော်ဆံပင်ဖြူတာ ဖြစ်မယ်။
ရောဂါ၊ ရေဂါ
တော်ကြာ လက်တွေ လည်း
အအေးပတ်နေအုံးမယ်နော
ပုခုက္ကူသူတွေက အဲလိုပဲဗျ…
စတာနော် စိတ်ဆိုးနဲ့ .. တော်တော်လေးကို တူကြလို့လေ..
Quite the same here ^_^
မေကျော်ပြောမှပဲ ကိုယ်လည်း ရောဂါသည်မှန်း သိတော့တယ်