“ပျော်ရွှင်ခြင်း ၊ ပျော်ရွှင်ခြင်း”
ပေါ့ပါးသလောက် အရမ်းတာသွားတဲ့ စကားလုံးလေး …. ပျော်ရွှင်ခြင်းကို ခံစားမိတဲ့အချိန်မှာ ဘ၀ဟာ အဓိပ္ပါယ်တွေပဲပိုရှိသလိုလို….. လူတစ်ယောက်ကို ပျော်ရွှင်စေတဲ့ အရာဟာ ဘွဲ့ ၊ ဂုဏ် ၊ ရာထူး စတဲ့ ကြီးမြတ်ထည်ဝါတဲ့ အရာတွေ ဖြစ်ကောင်းဖြစ်မယ်…. ဒါမှမဟုတ် မိုးရေထဲ လမ်းထွက်လျှောက်ရတာလိုမျိုး ၊ ကိုယ်ဝါသနာပါတဲ့ ဂစ်တာ တီးရတာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ် …. ဘယ်လိုပဲ ဖြစ်ဖြစ် လူတစ်ယောက်ကို ပျော်ရွှင်စေနိုင်တာခြင်းတော့ တူတူပါပဲ…..။
ကျွန်မကို ပျော်ရွှင်စေသော အရာတွေ အကြောင်း ရေးမယ်လို့ စဉ်းစားလိုက်တော့ ပထမဆုံးခေါင်းထဲရောက်လာတာက အဖေနဲ့ အတူ လ္ဘက်ရည်ဆိုင် ထိုင်ရတာလေးပေါ့…. အဖေနဲ့ အတူ လ္ဘက်ရည်ဆိုင် ထိုင်ရတာ ကျွန်မ တကယ်ပျော်ပါတယ်…. ခြေခင်း လက်ခင်းသာတဲ့ ညနေခင်းတွေမှာ သားအဖနှစ်ယောက် လ္ဘက်ရည်ဆိုင်ကို လမ်းလျှောက်သွားတတ်ပါတယ် …. လ္ဘက်ရည်ပေါ့ဆိမ့်ကို တစ်ငုံချင်း အရသာခံသောက်ရင်း ဘယ်သူငယ်ချင်းက ဘယ်လိုကောင်းတာ အဖေရယ် ၊ ဘယ်သူငယ်ချင်းကတော့ အကျင့်လေး ခပ်ပုပ်ပုပ် အဖေရဲ့ ၊ ဘယ်သူကတော့ ဘယ်လိုသဘောထားလေးလေ နဲ့ ကျွန်မ ပြောသမျှကို အဖေက ပြုံးပြီး နားထောင်ပေးတတ်တဲ့ အဲဒီအချိန်မှာ ကျွန်မ တကယ်ပျော်ပါတယ် …. ကျွန်မပြောသမျှ နားထောင်ပေးတဲ့ ၊ နားလည်ပေးတဲ့ ၊ ကျွန်မဘက်မှာ အမြဲရပ်တည်ပေးမယ့် အဖေဆိုတာ ရှိနေတဲ့ အဖြစ်က ကျွန်မကို တကယ်ပျော်ရွှင်စေပါတယ်…။
အချိန်တော်တော်များများမှာ ကျွန်မ မိသားစုနဲ့တူတူရှိနေတတ်ပါတယ်…. မိသားစုနဲ့ အတူမရှိနေရင် ဗေဒင်ပြေးမေးမနေပါနဲ့ ၊ ကျွန်မဆိုတာက သူငယ်ချင်းတွေ အတူ ရှိကိုရှိနေပါတယ်…. အဲလောက်ထိ သူငယ်ချင်း မင်ပါတယ် ….။
“ဟိတ်မရေ – ငါ 04 နဲ့ 03 မှားကြည့်မိလို့ ၊ လုပ်ပါဦး”
“ဟင် ၊ နေ့လည်ပဲ 03 ဖြေတော့မယ့်ဟာကို ၊ နင် ဘယ်လိုဖြေမှာလဲ စာမေးပွဲ”
သိပ်မကြာပါဘူး …. တစ်လမ်းကျော်က အဲဒီသူငယ်ချင်းလေး ဒရောသောပါးနဲ့ အိမ်ရောက်လာတယ် …. ခု ဘာတွေ ကြည့်နေတာလဲ …. အရေးကြီးတာတွေပဲ ရွေးနွေးတော့လေ ဆိုပြီး စိတ်တွေပူလို့ ပါးစပ်ကလည်း တတွက်တွက်ပြော ၊ လက်ကလည်း စာရွက်တွေ တဖြန်းဖြန်းလှန်နေတဲ့ သူ့ကိုကြည့်ပြီး ကျွန်မ တအားအော်ရယ်ပစ်လိုက်တယ်….
“ငါ စာတွေ နွေးနေတာ….အဲဒါ ခေါင်းတွေပူလာလို့ လှမ်းနောက်လိုက်တာ “
“အရူးမ ၊ စိတ်ပုတ်မ ၊ မေကျော်မ “
-စိတ်ဆိုး မာန်ဆိုးနဲ့ မသုံးတတ် သုံးတတ် စကားလုံးလေးတွေ ကျွန်မအပေါ် ၀ုန်းဒိုင်းကြဲ ရွာချချိန်မှာတော့ ကျွန်မ ပျော်လွန်းလို့ လက်ခုပ်တွေတောင် တီးလိုက်မိသေး…. ကျွန်မဆိုတာက သူငယ်ချင်းတွေကို အဲလိုနောက်နေရရင်လည်း ပျော်ပါတယ်…. ။
အဲဒီလို နောက်တိနောက်ပြောင်နေတတ်ပေမယ့် တစ်ခါတစ်လေတော့လည်း စိတ်ကူးလေး ယဉ်တတ်သေးတာပေါ့ …. ကျွန်မစိတ်ကူးယဉ်လို့ အကောင်းဆုံးကတော့ ကြယ်တွေကြည့်နေရတဲ့ အချိန်ပါပဲ …. ကြယ်ကြွေချိန်မှာ ဆုမတောင်းတတ်ပေမယ့် ကြယ်တွေကို ရေတွက်ရတာ ၊ ဓူဝံကြယ် ၊ ခုနစ်စင်ကြယ်ကို ရှာရတာ ၊ ကြယ်ကြွေတာ စောင့်ကြည့်ရတာကိုလည်း ကျွန်မ တကယ်ပျော်ပါတယ် ….။
ကြယ်လေးတွေ မမြဲသလို ကျွန်မတို့တွေလည်း မမြဲပါဘူး…. ကျွန်မချစ်တဲ့ မိသားစု ၊ သူငယ်ချင်းတွေလည်း ကျွန်မဘေးမှာ အမြဲရှိနေမပေးနိုင်ပါဘူး…. နောက်ဆုံးပိတ် ကျွန်မနဲ့ အတူ ကျန်နေမှာ ကျွန်မရဲ့ ကုသိုလ်ကံ ၊ အကုသိုလ်ကံတွေပဲဆိုတာကို အသက်အရွယ်အရ နည်းနည်းပါးပါး သဘောပေါက်လာချိန်မှာ ဘာသာရေးကို အရင်ကထက် ပိုပြီး ယုံကြည်သက်ဝင်စွာ လုပ်ဖြစ်ပါတယ်…. ဘာသာရေးကြောင့်ပဲ ကိုယ့်စိတ်ကိုယ်ကို မြင်အောင် နည်းနည်းပါးပါး ကြည့်တတ်လာပါတယ် …. ဘာသာရေးလုပ်နေချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုရှိပါတယ် …. အဲဒီယုံကြည်မှုက ကျွန်မကို အေးချမ်းပျော်ရွှင်စေပါတယ်….
အကီနို နဲ့ မောင်ငယ် ကျွန်တော် တို့ ရဲ့ make me happy လေးကို စိတ်ထဲရှိသလို ပျော်ရွှင်စွာ အသက်သွင်းလိုက်လိုက်ပါတယ် …. စိတ်ထဲရှိတာတွေကို ခုလိုချရေးရတာ ပျော်တဲ့ ကျွန်မက သူငယ်ချင်းတွေရဲ့အတွေးလေးတွေကို ဖတ်ရတာလည်း တအားပဲပျော်ပါတယ် …. ဒါ့ကြောင့် luciferion ၊ လေတံခွန် နဲ့ ကိုမြှား တို့ကို ဘာလိုအရာတွေကများ ပျော်ရွှင်စေသလဲ သိရအောင်ဆက်တဂ်လိုက်ပါတယ်…. ။
မိုးထက်အိမ်
Nov 12, 2009
10:54am